Wednesday, October 15, 2014

GTI ပုံပြင်များ (အပိုင်း-၃)


မအူပင်သူ



 မအူပင်သူတွေလည်း လျော့တော့မတွက်နဲ့။ စကား အင်မတန်တတ်တာကလား။ ဖြတ်ကနဲ ပြောလိုက်လျှင် ပက်ကနဲ ပြန်ပြောနိုင်တယ်ဗျ။ မျက်မြင် ကိုယ်တွေ့လေး တစ်ခု ပြောပြရဦးမယ်။
တစ်နေ့တော့ ကျော်ကြီးနဲ့ ကျနော်တို့တတွေ ထုံးစံအတိုင်း ကမ်းနားဘက် လတ်လျားလတ်လျား ထွက်ကြပါတယ်။ အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင်ကနေ ကောင်မလေးတွေ ၄ ယောက် မျက်နှာချင်းဆိုင်ကနေ ကျွတ်စီကျွတ်စီနဲ့ ဆူညံပြီး စကားပြောလာကြပါတယ်။

 ကောင်မလေးတွေ မြင်ရင် စ ချင်တဲ့ ကျော်ကြီးက ကောင်မလေးတွေ အနားလည်းရောက်ရော ရုတ်တရက် ကောက်ကာငင်ကာ မေးလိုက်တာက…

"ဟဲ့…. ဘယ်မှာ မီးလောင်လို့လဲ….."

ဟိုကလည်း ချက်ချင်းပဲ မဆိုင်းမတွ ပြန်ဖြေသွားပါတယ်။

"နင့်အမေအိမ် မီးလောင်လို့ ဟေ့…"... တဲ့။



ဂျာနယ်လစ်



ဂျာနယ်လစ်တွေရဲ့ သတင်းခေါင်းစဉ်တပ်ပုံလေးတွေ ကြားဖူးတယ်ဟုတ်။ အဲဒါနဲ့ ပတ်သက်တဲ့ ၂၀၀၂ တုန်းက ဟာသလေးတောင် ရှိသေး။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်လာတော့ ဂျာနယ်သတင်းထောက်က မေးသတဲ့။ သမ္မတကြီး မြန်မာတွေက သဇင်ပန်းကြိုက်ကြတယ်… သမ္မတကြီးရော… ဆိုတော့ ကျနော်လည်း ကြိုက်ပါတယ်… ပေါ့။ သဇင်ပန်းထိုးထားတဲ့ အိုးလေးက မြန်မာ့ လက်မှုပညာပါ .... မကောင်းဘူးလားခင်ဗျာ… လို့မေးတော့… ဟား.... သိပ်ကောင်းပါတယ်.....ပေါ့။ ဘာဖြစ်လို့ ညအိပ်မနေဘဲ နေ့ချင်း ပြန်ရတာလဲ…ဆိုတော့.... အလုပ်တွေ အရမ်းရှုပ်နေလို့ပါ… ဖြစ်နိုင်ရင်တော့ အိပ်ချင်တာပေါ့.. လို့ ဖြေသတဲ့။ နောက်တစ်နေ့ ဂျာနယ်ထဲ ပါလာတဲ့သတင်းခေါင်းစဉ်က 

အိုဘားမားက သဇင်ကိုကြိုက်၊ သဇင်အိုးကောင်း၊ ဖြစ်နိုင်လျှင် တစ်ညအိပ်ချင်… လို့ ပါလာပါသတဲ့။

မစ်ရှယ်အိုးဘားမားထောင်းလို့ အိုဘားမားကြီးလည်း ဘုထွက်သွားတယ် ဆိုပဲ။ ဂျာနယ်လစ်တွေ ဉာဏ်ပြေးပုံများ ပြောပါတယ်။

ကျနော်တို့ အတန်းထဲမှာ အသက် ၃၀ အရွယ် အစ်ကိုကြီး တစ်ယောက်ပါတယ်ခင်ဗျ။ ကျနော်တို့ အများစုက အသက် ၂၀ ကျော်တွေဆိုတော့ သူက ကျနော်တို့ထဲမှာ အသက်အကြီးဆုံးလို့ ဆိုနိုင်ပါရဲ့။ သူက အိမ်ထောင်သည်၊ ကလေး အဖေလည်းဖြစ်၊ အသက်လည်း ကြီးလေတော့ ကျနော်တို့က သူ့ကို အဘ လို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။ (ဟို အဘ နဲ့ မရောနဲ့နော်.... တို့ အဘ က ရိုးရိုးသားသား...)

ဒုတိယနှစ် Mid Term စာမေးပွဲ ဖြေပြီးတော့ ကျောင်းတစ်လ ပိတ်ပါတယ်။ နယ်ခံကျောင်းသားတွေက လွဲရင် အများစု ကိုယ့်အိမ်ကိုယ်ပြန်ကြတာပေါ့ခင်ဗျာ။ အဘ လည်း ပြန်တာပေါ့။
ဒါနဲ့ ကျောင်းပြန်ဖွင့်ချိန်ရောက်တော့ အားလုံး ကိုယ့်အဆောင်ကိုယ်ပြန်ရောက် ကျောင်းပြန်တက်ကြလေသတည်းပေါ့ ခင်မျာ။ လက်ဖက်ရည်ဆိုင်မှာ ကျောင်းသားတွေ စုထိုင်မိတော့ အိမ်ပြန်တုန်းက မိသားစုတွေအကြောင်း ဘာညာ ပြောကြတာပေါ့လေ။ အဘက သူအိမ်ပြန်တဲ့ တစ်လအတွင်း သူ့ဇနီးသည်ခင်မျာ အူအတက်ပေါက်လို့ ဆေးရုံတင်လိုက်ရတယ်...တဲ့။ အဲဒါ သူ့မှာ ကျောင်းတစ်လပိတ်တာ ကလေးတစ်ဖက်နဲ့ အချိန်ဘယ်လို ကုန်မှန်းတောင် မသိလိုက်ဘူး ပေါ့။ သူ့ဇနီးလည်း အခုတော့ ပြန်ပြီး နေကောင်းသွားပါပြီပေါ့။
နောက်တစ်နေ့ အတန်းထဲရောက်တော့ လယ်ကြွက်လည်ဆံမွှေးနဲ့ ကျနော့သူငယ်ချင်းက ကျန်တဲ့ သူငယ်ချင်းတွေကို အဘအကြောင်း ဖေါက်သည်ချပါတယ်။ 
သူပြောတာက

"အဘ ရွာတစ်လ ပြန်လိုက်တာ မိန်းမတောင် ဆေးရုံတင်လိုက်ရတယ်…".. ဆိုပဲ။

အဲဒါနဲ့ အဘကို တွေ့တဲ့သူတွေက အဘ မိန်းမ သက်သာရဲ့လား… ဆိုတော့ အဘ ကလည်း အကောင်းမှတ်လို့ အေး..အေး… အခုတော့ OK သွားပါပြီကွာ….. ပေါ့လေ။ ဒါပေမဲ့ တွေ့တဲ့သူတိုင်းက စပ်ဖြဲဖြဲနဲ့ မေးမေးနေတော့ တဖြည်းဖြည်းနဲ့ မသင်္ကာတော့ဘူး။ အဲဒီတော့မှ ဘာကို မေးတာလဲဆိုတော့မှ လယ်ကြွက် ဖွ ထားတာကို သိပြီး စိတ်တွေ တိုလို့…….။

ကျောင်းပြီးတော့လည်း ကိုယ်စိတ်ဝင်စားရာ ကိုယ့်လိုင်းနဲ့ကိုယ် လုပ်ငန်းခွင်အသီးသီး ဝင်ကြတာပေါ့လေ။ တချို့တော့ အင်ဂျင်နီယာအလုပ် မလုပ်ဖြစ်တော့ဘဲ တခြားစီးပွားရေးတွေ လုပ်ဖြစ်ကြတာလည်းရှိရဲ့။ အင်ဂျင်နီယာအလုပ်နဲ့ အခြားအလုပ် တွဲလုပ်ဖြစ်သူတွေက လုပ်ကြတာပေါ့လေ။ အတန်းထဲက ကျောင်းသား ၆၄ ယောက်ဟာ အချိန်တန်တော့ ၆၄ ဘဝ ပါပဲ။

လယ်ကြွက် လား။ ပြောပြီးပါပကော။ ဂျာနယ်လစ်ပါလို့…..ဆို။ 

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...